25.4.09

Nimo Hlaing to Thayet

နာဂစ်စေတနာ့ဝန်ထမ်း အမျိုးသမီးများအား နယ်ထောင်ပြောင်း
RFA 2009-04-23
နာဂစ်မုန်တိုင်း ဒုက္ခသည် ကူညီနေတာကို စစ်အစိုးရက မတရားသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ စွပ်စွဲပြီး ထောင်ချလိုက်တဲ့ မရင်ရင်ဝိုင်း၊ မနီမိုလှိုင်နဲ့ မတင်တင်ချိုတို့ကို ဧပြီ ၂၂ရက် မနေ့က အင်းစိန်ထောင်ကနေ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့လိုက်တယ်လို့ သတင်းရရှိပါတယ်။

အဲဒီအပြင် ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းဆီးမိတယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ထောင်ချထားတဲ့ သင်္ဃန်းကျွန်းမြို့နယ်က ကိုရဲဇော်ထိုက်နဲ့ ကိုခင်စိုးတို့ကိုလည်း နယ်ထောင်တွေ ပို့လိုက်တယ်လို့ သိရပါတယ်။

မရင်ရင်ဝိုင်းတို့ ထောင်ပြောင်းလိုက်တာကို အစ်မဖြစ်သူက အတည်ပြု ပြောဆိုပါတယ်။

အစ်မ။ ။ 'ရွှေဘိုထောင်ရှင့်၊ စနေဆိုရင် အဲဒီလိုမျိုး ပြောင်းတတ်လို့ သူက လာရင် ကြာသပတေး လာခဲ့ ဆိုလို့ ဒီနေ့ သွားဖို့လုပ်တာ၊ မနေ့ကတည်းက သူတို့က ပြောင်းချသွားတာ။'

အခုမရင်ရင်ဝိုင်းရဲ့ အစ်မပြောသွားသလို သူ့ကို ရွှေဘိုထောင်၊ မနီမိုလှိုင်ကို သရက်ထောင်၊ မတင်တင်ချိုကို လားရှိုးထောင်တွေ ပို့လိုက်တာပါ။ ကိုရဲဇော်ထိုက်နဲ့ ကိုခင်စိုးတို့ကို ဘယ်ထောင်တွေ ပို့လိုက်သလဲဆိုတာတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မရင်ရင်ဝိုင်းဟာ မနှစ်က အဖမ်းခံရပြီးတဲ့နောက် ထောင်ထဲမှာ ကျန်းမာရေး ထိခိုက်နေပြီး အင်းစိန် မြို့နယ် ဆေးရုံမှာ ဆရာဝန်တွေနဲ့ ပြသခဲ့ရသလို၊ နေ့စဉ် ဆေးသောက်နေရပါတယ်။