နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနေ့  ပြောကြားချက်
ဒီဗွီဘီ
၂၅ ၊ နိုဝင်ဘာ ၊ ၂၀၀ရ
“… … ကျနော်တို့ မြန်မာနိုင်ငံမှာ အမျိုးသမီးများတင် မဟုတ်ဘူး။ အားလုံး အားလုံးဟာ အာဏာပိုင်ရဲ့  အဓမ္မအုပ်ချုပ်မှုအောက်မှာ အခွင့်အရေး ချိုးဖောက်မှုတွေကို နာရီနဲ့ အမျှ ခံစားနေကြရတာပါ။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ တိုင်းပြည်မှာ နိုင်ငံရေးသမားမှ ကျောင်းသားများမှတင် မဟုတ်ပါဘူး၊ ဘာသာအသီးသီး လူမျိုးအသီးသီးနဲ့ အလွှာအသီးသီးက စီးပွားရေးသမား ၀န်ထမ်း၊ စစ်သားတွေပါမကျန် အခွင့်အရေး ချိုးဖောက်ခံနေရတာပါ။ ဘယ်သူတွေရဲ့ ဘ၀တွေမှ အာမခံချက် မရှိပါဘူး။ ဘယ်သူတွေရဲ့  အနာဂတ်မှလည်း မလှပနိုင်ကြပါဘူး။
သဘာဝတရားကြီးက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အားနည်းတာ ရှိပါတယ်။ အဲတော့ ဒီလို ပျက်စီးယိုယွင်းနေတဲ့ လူမှုအဖွဲ့အစည်းတရပ်မှာ အနိုင်ကျင့်ခံရမှုနဲ့  အခွင့်အရေး အချိုးဖောက်ခံရမှုတွေဟာလည်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုခံရတတ်ပါတယ်။
ဒါကြောင့် အာဏာပိုင်တွေနဲ့  ရင်ဆိုင်အံတုနေရတဲ့ အမျိုးသမီးများရဲ့  အရေးကို လတ်တလောပိုပြီး ဂရုတစိုက်တောင်းဆိုနေကြရပေမဲ့ တကယ့်တကယ် အမျိုးသမီးတွေရဲ့  ဘ၀ ရေရှည်လုံခြုံနိုင်ဖို့ အာမခံချက် ရှိလာနိုင်ဖို့ကတော့ ကျနော်တို့ တိုင်းပြည်မှာတရားလက်လွတ် အုပ်စိုးတဲ့ အုပ်ချုပ်ရေး စနစ်ကြီးကို အပြီးတိုင် ဖြိုဖျက်နိုင်မှ ဖြစ်မှာပါ။ … …”
5.12.07
NiMoHlaing & women rights
အဖွဲ့ချုပ်နဲ့ (၈၈) မျိုးဆက်ကျောင်းသူ အမျိုးသမီးတွေက ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီနဲ့ ကမ္ဘာ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေထံ တောင်းဆိုလိုက်ပါတယ်။ ကြေညာချက်မှာ မနီလာသိန်း၊ မတင်မိုးလွင်၊ မဖြူဖြူသင်း၊ မနီမိုလှိုင်၊ မမေသစ္စာတို့က လက်မှတ်ရေးထိုးထားပါတယ်။ ၂၃-၁၁-၂၀၀၇ နေ့စွဲနဲ့ပါ။ ကြေညာချက်နဲ့ပတ်သက်ပြီး မနီမိုလှိုင်က ဒီဗွီဘီသတင်းဌာနကိုပြောကြားထားတဲ့ထဲက ကောက်နှုတ်ပေးလိုက်ပါတယ်။
“… … ဘယ်သူမဆို နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်ထဲကို ရောက်ခဲ့ကြရတယ်ဆိုတာက အခြေခံ လူ့အခွင့်အရေးကို စပြီး အချိုးဖောက်ခံရတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ တခါ ထပ်ပြီးတော့ သူတို့ စိတ်ကြိုက် ပြစ်မှုတွေ၊ ပုဒ်မတွေတပ်ပြီးတော့ ထောင်ဒဏ်ချပြီးတာတောင်မှပဲ လွတ်ရက်စေ့တဲ့အခါမှာ လွှတ်မပေးသေးဘဲနဲ့၊ ဆက်ပြီးတော့ အကြောင်းအမျိုးနဲ့ ချုပ်နှောင်ထားတာတွေ၊ အဲဒီတော့ အသက်အရွယ်ကြီးရင့်လာတဲ့ အမျိုးသမီးတွေ ဆိုလို့ရှိရင် နဂိုကတည်းက ထောင်ရဲ့ သဘောတရားအရ ဖိစီးမှုရှိတယ်၊ ထောင်ထဲမှာ နှစ်ရှည်လများ နေထိုင်ရတဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရတာတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ ထောင်ထဲမှာ မဟုတ်ရင်တောင်မှပဲ ထောင်ရဲ့ ပြင်ပမှာ စီးပွားရေးအရ၊ လူမှုရေးအရ ချိုးနှိမ်ခံထားရတာတွေ ရှိတယ်။ နောက်ပြီးတော့ တခါ အာဏာာပိုင်က ကမ္ဘာကို လှည့်ပတ်ပြီးတော့ လိမ်ညာဖို့ ဂုဏ်သိက္ခာဆည်ဖို့ ထောင်ထဲထည့်ပြီး အသုံးချခံလိုက်ရတဲ့ အမျိုးသမီးလေးတွေကိုလည်း ဒီအတိုင်း ပြန်မလွှတ်ပေးလိုက်ပဲနဲ့ လမ်းမှာ နှုတ်ပိတ်လိုက်သလား၊ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးတွေ ကြုံနေရတဲ့ ဟာလေးတွေလဲ ရှိတယ်။
တိမ်းရှောင်နေရတဲ့ အမျိုးသမီးလေးတွေ အနေနဲ့ကတော့ တိမ်းရှောင်နေဆဲမှာကိုပဲ ဆက်လက်ပြီးတော့ နိုင်ငံရေးကို လုပ်ဆောင်နေကြသူတွေ ဖြစ်တဲ့အတွက် ဖမ်းမိတဲ့အခါကျရင် ဒီအမျိုးသမီးတွေရဲ့ ကံကြမ္မာဟာ နအဖ အစိုးရက ဒီလို ရက်စက်ကြမ်းတမ်းတဲ့ အပြစ်ဒဏ်မျိုးတွေကို ကြုံမယ်မှန်းမသိ၊ နောက် ဒီအမျိုးသမီးတွေကလည်း ကြာရှည် ဘယ်လောက်အထိ ပုန်းအောင်းနိုင်မှာလဲဆိုတဲ့ အခြေအနေတွေ ရှိတဲ့အခါ ကျတော့ မြန်မာပြည်တွင်းမှာရှိနေတဲ့ ထောင်ထဲမှာသော်လည်းကောင်း၊ အဖမ်းမခံရတဲ့ အမျိုးသမီးတွေမှာရောပဲ အင်မတန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။… …”
“… … ကျနော်တို့ ဘယ်လိုပဲ ခံစားနေရပါစေ၊ နောက်နောင် ကျနော်တို့လို အခြားအခြားသော ပုဂ္ဂိုလ်များ ထပ်မခံစားရအောင်ကတော့ ဒီနိုင်ငံနဲ့ အစိုးရနဲ့ ဒီ နိုင်ငံရဲ့  အုပ်ချုပ်ပုံ နည်းစနစ်ကြီး ပြောင်းသွားမှ ဖြစ်လိမ့်မယ်။ … …”

Ni Mo Hlaing's talk in August 2007
လောင်စာဆီဈေးကျဆင်းရေးလမ်းလျှောက်စဉ်က ပြောကြားချက်များ
ဒီဗွီဘီ ၊ ၂၃ ၊ သြဂုတ်
“… … ကျနော်တို့ အယောက် (၅၀) ကျော်က ရွှေဂုံတိုင် မီးပွိုင့်ထိပ်မှာ အတားခံရတယ်ဗျာ။ အတားခံရပြီးတော့ အတင်းဆွဲလွဲပြီး တင်တာတွေ ခံရတယ်ဗျာ။ အဲတော့ တယောက်နှစ်ယောက် ပထမ အဆွဲခံရပြီးတော့ အကြမ်းပတမ်းအဆွဲခံရပြီး ပါသွားတော့ တော်တော်လေး အခြေအတင် အကြမ်းပတမ်းဆွဲတယ်။ နောက်ဆုံး အယောက် (၅၀) လုံး လက်တွဲပြီးတော့ ရွှေဂုံတိုင်ထိပ် ရေတာရှည်လမ်းမ တည့်တည့်မှာပဲ ကျနော်တို့ အဲဒီအပေါ်မှာ ပလက်ဖောင်းပေါ်မှာ စုထိုင်ပစ်လိုက်တယ်။ စုထိုင်ပစ်လိုက်ပြီးတော့ သူတို့ ကျနော်တို့ အတင်း ကားပေါ်တက်ခိုင်းတယ်။ ဆယ်နာရီလောက်ရှိပြီ။ ဆယ်နာရီလောက်ကနေ အခုချိန်အထိပေါ့။ ကျနော်တို့ အဲဒီအ၀မှာစုထိုင်နေပြီးတော့ နောက်ဆုံး တယောက်ချင်း အတင်း ယောက်ျား လေးငါး ဆယ်ယောက်က ယောက်ျားတယောက်စီကို မိန်းမတယောက်စီကို အတင်းဝင်ဆွဲပြီးတော့ ကားပေါ်တယောက်ချင်း တင်သွားလိုက်တာ တစတစနဲ့ အယောက်နှစ်ဆယ်လောက် ပါသွားတယ်ခင်ဗျ။
နောက်ဆုံးကျန်တဲ့ အယောက်သုံးဆယ် အားလုံး စုထိုင်နေပြီးတော့၊ ဘာမှမရှိတော့ဘူး၊ ကျနော်တို့ ရိုက်ရင်လဲ ဒီနားမှာပဲခံမယ်။ သတ်ရင်လဲ ဒီနားမှာပဲ အသေခံမယ်။ ခင်ဗျားတို့ ပြောသလို ကျနော်တို့ မလုပ်တော့ဘူး။ ကျနော်တို့အဖွဲ့ချုပ်ရုံးကိုပဲ ဆက်သွားမယ်။ ဆက်သွားခွင့်မရရင် ကျနော်တို့ ဒီိနားမှာပဲ ထိုင်နေမယ်လို့ အားလုံးလက်တွဲပြီး ခေါင်းငုံ့ပြီး ထိုင်နေကြတော့ နောက်ဆုံး ကျနော်တို့ကို ဆဲတယ်၊ မခံချင်အောင်ပြောတယ်။ နောက်ဆုံး ယောက်ျားလေးတွေကို ဘေးနားအစွန်နားက ထိုင်တဲ့ ယောက်ျားလေးတွေကို ပုဆိုးကနေ စလှန်ပြီးဆွဲတယ်။ ပြီးတော့ လူလေးငါးယောက်က ဆယ်ယောက်လောက်က ယောက်ျားတယောက်စီကို ၀ိုင်းဆွဲတယ်။ ကျနော်တို့ မိန်းမအုပ်စုကို ချက်ချင်းမဆွဲရဲပေမဲ့ နောက်ဆုံး အတွဲလိုက်ကြီး ကျနော်တို့ ပက်လက်တွေရော၊ ဒရွတ်တိုက်တွေရော၊ အတွဲလိုက်ကြီး ဆွဲပြီး၊ နောက်ဆုံး လိုင်းကားတစီးပေါ် တင်ပေးလိုက်တယ်။ အဲဒီလိုင်းကားပေါ်မှာ နောက်ဆုံးအုပ်စု အယောက်သုံးဆယ်လောက်ပေါ့နော်၊ ပါပြီးတော့ အဖွဲချုပ်ရုံးမှာ အခုပဲ အဖွဲ့ချုပ်ရုံးကို ကျနော်တို့ရောက်ပါတယ်။ … …”
ဒီဗွီဘီ ၊ ၂၁ ၊ သြဂုတ် ၊ ၂၀၀ရ
“… … လမ်းလျှောက်တယ်ဆိုတဲ့ ကိစ္စက ဆက်လုပ်ရအုံးမှာပဲလေ။ အာဏာပိုင်က ပိတ်ချင်လည်း ပိတ်ပေါ့။ ဒါ ကျနော်တို့ လျှို့ ဝှက်ပြီး လုပ်တဲ့ကိစ္စလည်း မဟုတ်ဘူး။ တကယ်လို့များ ဆန္ဒပြပွဲတွေ ဘာတွေ ဖြစ်လာခဲ့ရင်လည်း ကျနော့်အထင် ကျနော်တို့ ၀င်ပါရအုံးမှာပဲ။ ဆန္ဒပြပွဲဆိုတာမျိုးကတော့ ကျနော်တို့ ထင်တယ်လေ၊ လူထုက ကိုယ့်အခွင့်အရေးကို တိုက်ပေးတဲ့သူတွေရှိလို့ ရေသာခိုပြီးနေလို့မရသလို ကိုယ်တိုင်လည်း ကိုယ့်အခွင့်အရေးကို ကိုယ်လုပ်ယူရမှာပဲ။ … …”

Subscribe to:
Posts (Atom)
Blog Archive
-
►
2009
(2)
- ► 04/19 - 04/26 (1)
- ► 04/05 - 04/12 (1)
-
►
2008
(2)
- ► 06/15 - 06/22 (1)
- ► 04/27 - 05/04 (1)