18.6.08

ni mo hlaing get arrested

နီမိုလှိုင်နဲ့ ပတ်သက်တဲ့ သတင်းဆိုးတပုဒ်
ကယ်ဆယ်ရေးလုပ်သားများ ဆက်တိုက်အဖမ်းခံနေရ
ဧရာဝတီ
ဇွန် ၁၈၊ ၂၀၀၈

စစ်အစိုးရက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းမှုများကို ဆက်တိုက်ပြုလုပ်နေပြီး နောက်ဆုံးအဖမ်းခံရသူမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုတိုးကျော်လှိုင် ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကပြောဆိုလိုက်သည်။
အေအေပီပီ အဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “အခုရက်ပိုင်းမှာ ဖမ်းဆီးနေတာတွေ များပြီ။ အများအားဖြင့် မုန်တိုင်း ဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေလို့ သိရတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ မိသားစုတွေကို အကြောင်းကြားဖို့ လိုတယ်။ အခုလို လက်လွတ်စပယ် ဖမ်းဆီးနေတာကတော့ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက် တာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ကိုတိုးကျော်လှိုင်သည် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဘိုကလေးမြို့မှပြန်လာသည်မှာ ရက်ပိုင်းသာရှိသေးသည်ဟု ၎င်းနှင့် နီးစပ်သူတဦးက ပြောသည်။အာဏာပိုင်တို့က မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။ အတည်မပြုရသေးသည့် သတင်းများအရ ကိုတိုးကျော်လှိုင်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၃ ဦး အဖမ်းခံ ရသည်ဟုလည်း သိရသည်။
ကိုတိုးကျော်လှိုင်သည် အောင်မြင်သည့် အင်္ဂလိပ်စာပြ လူငယ်ကျူရှင်ဆရာတဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦး လည်း ဖြစ်သည်။ သံဃာတော်များ သပိတ်မှောက် ကံဆောင်ခဲ့သည့် စက်တင်ဘာ အရေးအခင်းပြီးနောက် အာဏာပိုင်တို့၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသူတဦးလည်း ဖြစ်သည်။
အေအေပီပီအဖွဲ့က ရရှိသည့်စာရင်းအရ ကိုတိုးကျော်လှိုင်အပါအ၀င် ယခုရက်ပိုင်းအတွင်း အဖမ်းခံရသူ ၁၀ ဦး ကျော်ပြီဖြစ် ကြောင်း သိရသည်။အေအေပီပီက ရရှိထားသည့် အဖမ်းခံရသူများစာရင်းမှာ လူရွှင်တော် ဇာဂနာ၊ အားကစားအယ်ဒီတာ ဇော်သက်ထွေး၊ မအိမ့်ခိုင်ဦး၊ ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်း (ခ) ဆည်းဆာ၊ မတင်တင်ချို၊ ကိုဇော်၊ ကိုတင်မောင်ဦး၊ မနှင်းပွင့်ဝေ၊ ကိုလင်းထက်နိုင်၊ ကိုရဲတံခွန်၊ မနီမိုလှိုင်နှင့် ကိုတိုးကျော်လှိုင်တို့ ဖြစ်ကြသည်။

No comments: